***********************************************

www.zawnaing.blogspot.com

ကျွန်တော့်ရဲ့ Blog မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်

Wednesday, August 29, 2007

သတိရလို့ရေးတဲ့....စာ

ဘ၀တလျှောက်လုံးကို
အချိန်ဇယားဆွဲသလို..ဆွဲပြီး၊
(တိတိကျကျ)
လိုက်နာလုပ်ဆောင်နိုင်ခဲ့သူ..
ရှိရင်ပြောပါ..

လောကဓံနဲ့တိုက်တဲ့..တိုက်ပွဲမှာ
သူရဲ့စစ်သတင်းကို
(ကြိုတင်မသိရလို့)၊
ဘ၀ရဲ့မနက်ခင်းတိုင်း..
သက်ပြင်းမောနဲ့ တံတိုင်းခတ်ပြီး
ဇာတ်ဆရာအလိုကျ
က,ပြခဲ့ရသူချည်းပါပဲ။

မိုးမရွာမှန်း သိလျက်နဲ့
မိုးခိုပြခဲ့ရတာတွေ...
နှင်းမကျမှန်း သိလျက်နဲ့
(ခိုက်ခိုက်တုန်အောင်)
ချမ်းပြခဲ့ရတာတွေ..
နွေမဟုတ်မှန်း သိလျက်နဲ့
ဥသြငှက်လို
တွန်သံချိုခဲ့ရတာတွေ..
ဒါတွေဟာ..
အိပ်မက်တွေ မဟုတ်ဘူး..။

ကြာတော့...
ထုံပေပေအရုပ်တစ်ရုပ်လို၊
ဘယ်ဟာ...မဲ့ပြုံး
ဘယ်ဟာ...ရွဲ့ပြု့း
ဘယ်ဟာ...ခနဲပြုံးမှန်း မသိဘဲ
ပြုံးဖြဲဖြဲနေခဲ့သမျှ၊
ဝေခွဲမရတဲ့ နေ့ရက်တွေကို
ပွေ့ဖက်ပိုက်ထွေးရင်း...
မနက်ခင်းတွေကို
(ရင်လေးစွာ)
ရင်ဆိုင်ခဲ့ရတာပါပဲ..

အားနည်းသူအချင်းချင်း
အားခဲပြီး
အားပေးရမယ်ဆိုရင်...၊
ငိုချင်ရင်..ငိုလိုက်ပါ
ဘ၀ တစ်ခုလုံး
မျက်ရည်တွေ မဖုံးစေနဲ့။

ရယ်ချင်ရင်ရယ် လိုက်ပါ
ဘ၀ကို စိတ်နာပြီး
ဟားတိုက်သလို မဖြစ်စေနဲ့။

အောင်ချင်ရင် အော်လိုက်ပါ
မျှော်လင့်ခြင်းတွေ ပျောက်ဆုံးတဲ့
နောက်ဆုံးအော်သံမဖြစ်စေနဲ့။

"အချစ်ရေ"...လို့
တမ်းတ,လိုက်တိုင်း၊
ဘ၀မှာ...
လှိုင်းထန်,
မိုးပြို,
ငလျင်လှုပ်သလို,
ရင်ရှုပ်စရာတွေမဖြစ်စေနဲ့။

ပြည်ဖုံးကား မချမချင်း
လောကဓံရဲ့ ခံတွင်းမှာ၊
နှင်းခဲ...
မိုးပေါက်...
သစ်ရွက်ခြောက်တွေ....,
ကျောက်သံပတမြား
မာယာခါးခါးနဲ့...
မရဏဓားသွားတွေ...,
ဆုလာဘ်,
အိပ်မက်,
ကြိမ်ဒဏ်ရိုက်ချက်တွေ,
ရှိနေတယ်ဆိုတာ
သိထားပြီးရင်၊
သတိထားပြီးတော့..
ရင်ဆိုင်ရုံပဲပေါ့..။

ကြိုက်တဲ့နည်းနဲ့
ရင်ဆိုင်ပါ။
တစ်ဦးတစ်ယောက်ကို
ပြိုင်ဆိုင်သလိုတော့ မဖြစ်နဲ့။
ချစ်ခြင်း....,
အကြင်နာ...,
ဘာသာတရားရဲ့ အလိုကျ
နေထိုင်ရင်း၊
ကြာကြာဝါးမယ့်....သွား
အရိုးများများ စားပေးပါ။
(ရိုးရိုးသားသား
ကြိုးစားခြင်းကို
ဆိုလိုတာပါ)။

ခြေလက်..ကိုက်,ခဲ
ဦးခေါင်း..ရှုပ်ထွေး
အတွေး..ဟောက်ပက်
ယွင်း...ပျက်၊အားအင်
ဝေဒနာအပြည့်၊
ခြေရာတွေ့မှ၊ငွေ့ငွေ့သက်သာ
ဖြေဆည်ရာဖြစ်,
လောကမြစ်ထဲ၊ရွက်လွင့်ရဲမယ်။

ဘာမှန်းမသိတဲ့
"ဘ၀"ရဲ့ဖြစ်စဉ်.........
သတိနဲ့ကြည့်မြင်လိုက်တဲ့အခါ၊
အရာရာ...အနိစ
စိတ်မချစရာတွေချည်းပါပဲ။

အတိတ်က အရာများ
အနိစပါတကား...လို့
တွေးထားဖြစ်ရင်တောင်၊
လက်ရှိကာလ၊တဒင်္ဂမှာ...

ရင်ဝတွင်...စူး
ဦးခေါင်းမှာ..မိုက်
အသည်း..လှိုက်ဖို
မျက်ရည်စိုစရာ
ရှိနေပါသလား...။

ရိုနေရင်....ရှင်း
သိနေရင်..မြင်
မြင်နေရင်..တွေး၊
"တဒင်္ဂ"...ဆိုတဲ့ ခဏလေးကို
ရေဆေးသန့်စင်
စွမ်းအင်မြင့်မား
ဝံ့ကြွားစွာ နေထိုင်တတ်ပါစေ။

လောက,လူရွာမှာ
အားကိုးစရာဆရာ...မရို
အားပေးဖော်၊ရဲဘော်.....မရှိရင်၊
ကိုယ့်ရဲ့..အသိ
ကိုယ့်ရဲ့...သတိ,
ကိုယ့်ရဲ့....အတိတ်
ကိုယ်ရဲ့...စိတ်ဟာ,
စိတ်ချစရာ....ဆရာကောင်း
အားကိုးစရာ
ရဲဘော်ဟောင်းတွေပါပဲ....။

မင်း..ပြောဖူးပါတယ်။
"လမ်းလျှောက်တတ်စ,...အရွယ်
ငယ်ငယ်တုန်းက ချော်လဲရင်
မေမေ ထူပေးတယ်"...တဲ့။

အခု......,
ကိုယ်ချော်လဲရင်၊
ကိုယ့်ဘာသာ ထူထ,ရမယ့်အရွယ်
ဘယ်သူ ထူပေးမှာလဲကွယ်။
"မိဘဆွေမျိုး
အားကိုးနေသလိုလို။
သူငယ်ချင်း အပေါင်းအသင်း
အားကိုးနေသလိုလို။
ကိုယ်,ကတော့၊ဘာမှ မလုပ်ချင်
ထာဝရ အဟုတ်ပင်
ပျင်းရိနေတာ၊အပို...
ကိုယှ်ုကိုယ်ကို၊အားကိုးကြပါ။
သူတစ်ပါးကို ယုံစားနေဖို့မလိုပါ...

ဘ၀..ဆိုတဲ့
မြစ်ပြင်ကျယ်မှာ...
ရေစုန်ပဲ..မျှောမျှော
ရေဆန်ပဲ..လှော်လှော်၊
ကိုယ့်"တက်"နဲ့...ကိုယ်
ကိုယ့်"လက်"နဲ့ကိုယ်၊
ကိုယ့်အတွက်
ကိုယ်လှော်ပြီး...
လှေလှော်ရင်း သီချင်းဆို၊
ကမ်းစပ်တစ်ခုဆီကို
လှော်ခတ်နေသူချည်းပါပဲ။

ကိုယ်ကြိုက်တဲ့လမ်း
ကိုယ်မျှော်မှန်းပြီး
ကမ်းကပ်တဲ့အခါ...၊
အကြမ်းဇာတ်နဲ့၊က,ခဲ့ရရင်ပဲဖြစ်ဖြစ်
အလွမ်းဇာတ်နဲ့၊ကြုံခဲ့ရရင်ပဲဖြစ်ဖြစ်၊
(တို့အားလုံးဟာ)
ဘ၀ဇာတ်ခုံပေါ်က
ဘ၀ဇာတ်ဆရာအလိုကျ
က,ပြနေရတဲ့၊
"ဘ၀ ဇာတ်ကောင်တွေပါလား"...လို့၊
တဖြည်းဖြည်း,
တွေးပြီး....၊
ရေးရေးလေးမျှ
ပြုံးပြစမ်းပါ....၊ ၊

4 comments:

Anonymous said...

ချစ်တယ် လို. အကျယ် ကြီးအော်လိုက်တဲ့ အသံကို နားထဲမှာ အခုထိကြားနေဆဲပါ

Moetought said...

ဟုတ်ပါဗျာ..ကျွန်တော့်နယ်သားကြီး သူ့စကားက အရမ်းအောင်မြင်တယ်ဆိုပြီး ပီတိတွေဖြစ်နေတော့မှာ မြင်ယောင်မိတယ်ကွာ..တိုးတိုးပဲ ပြောပါကွာ မင်းပြောနေကြအတိုင်းလေ..;)

Moetought said...

ဟိုက် မှားပြီဟ ဒါက ငါ့နယ်သားဘလော့ကိုး နယ်သား ချော်တီး ချော်တီး :)

အညာသား said...

ကောင်းတယ် ဇော်ကြီးရေ.. ဒီကဗျာကိုအခိုက်ဆုံးပဲ
ငါ့ဘလော့ကိုလဲ လာလည်ပါအုံးဟ၊ တတ်နိုင်သလောက်တော့ကြိုးစားပြီးလုပ်ထားတယ်။
အားလုံးအဆင်ပြေပါစေ။